Showing posts with label ဦးစိတ်တိုရဲ့ ပဲစိတ်တို. Show all posts
Showing posts with label ဦးစိတ်တိုရဲ့ ပဲစိတ်တို. Show all posts

အဘိုးသို့ အောက်မေ့မိခြင်း(ဦးစိတ်တိုရဲ့ ပဲစိတ်တို)

ဖူဖူကြီးအကြောင်းဆက်ပါဦးမယ်။နယ်သူ့အတွက်တော့ diary တစ်အုပ်လိုပါပဲ။
ရှေ့ပို့စ်မှာ သူ့မှာလည်း ကိုယ်ပိုင်ဝင်ငွေ ရှိတယ်လို့ပြောခဲ့တယ်လေ။သူ့ရဲ့စီးပွားရေးအကြောင်း
တစေ့တစောင်းပေါ့နော်။နယ်သူတို့ စက်ရုံထဲမှာဆို ကြက်မွေးမြူရေးလုပ်ကိုင်ကြတဲ့သူတွေ များတယ်လေ။အဲတော့သူကမနက်ပိုင်းဆို ကြက်တွေစားဖို့အတွက် ကြက်စာစိမ်းတွေကို
သူ့စက်ဘီးလေးစီးပြီး တောထဲမှာသွားရှာတယ်။တောထဲက ပြန်လာပြီဆိုရင် သူ့စက်ဘီးလေးခမျာ စီးလို့တောင်မရတော့ဘူး။ရှေ့မှာဂုန်နီအိတ်နဲ့ တစ်အိတ်။နောက်ကcarrier ခုံမှာ နှစ်အိတ်ဆင့်နဲ့။
ပင်ပင်ပန်းပန်းတွန်းလာတာ။ပြီးရင် လာဝယ်တဲ့သူတွေက၀ယ်။သူကရောင်း။
အဆင်တွေကိုပြေလို့ပေါ့။သူ့မှာလည်းကိုယ်ပိုင်ဝင်ငွေရှိသွားတာပေါ့။နောက်တစ်ခုက
စိုက်ပျိုးရေး။သူက စိုက်ပျိုးရေးတော့ ၀ါသနာပါသား။သူ့သူငယ်ချင်းတွေဆီသွားလည်ပြီး
ပြန်လာရင်အပင်တစ်မျိုးမျိုးပါလာတာနဲ့ သူ့မြေးတွေအကြိုက်လိုက်စိုက်ပေးတယ်။
သိပ်ချစ်ဖို့ကောင်းတဲ့အဖိုး။း)
အိမ်ဘေးဘက်မှာ ပဲစိတ်တိုပင်တွေကို စင်တွေနဲ့ စိုက်ထားတယ်။မြေတစ်ကွက်စာပဲ။
တော်တော်တော့များပါရဲ့။အမေကတော့ နာမည်ပေးထားတယ်။စိုက်တဲ့ အပင်ရဲ့သခင်ကလည်း ဦးစိတ်တို။စိုက်ထားတဲ့ပဲကလည်း ပဲစိတ်တိုဆိုတော့ ပဲလာဝယ်တဲ့သူတွေရှေ့ဆို စလိုက်နောက်လိုက်နဲ့။ဦးစိတ်တိုရဲ့ပဲစိတ်တိုကို အားပေးလှချည်လား..ပေါ့။အိမ်အရှေ့ဘက်က တောင်ကုန်းလေးမှာငှက်ပျောပင်အစုံစိုက်ထားတယ်။အိမ်နောက်ဖေးမှာလည်း
သခွားချဉ်ပင်လေးတွေစိုက်ထားတယ်။ငရုတ်ပင်။ဂေါ်ရခါးပင်...စုံလိုပါပဲ။
အဲဒီအပင်တွေကလည်း အိမ်ကစားရတာက
တော်တော်ရယ်ပါ။ လာဝယ်လို့ရောင်းရတာတွေချည်းပဲ။အဲတော့ သူ့မှာ ၀င်ငွေဘယ်လောက်များမယ်ဆိုတာကိုသာကြည့်ပေတော့။
တစ်ယောက်တည်းသုံးဖို့ဆိုတာတော့ လောက်တာပေါ့။ဒါပေမယ့်..
သူက သူ့မြေးတွေကို တော်တော်ချစ်တာရယ်။မောင်လေးမမွေးခင်တုန်းကတော့ နယ်သူတို့
ညီအစ်မတွေကို အရမ်းချစ်တာပေါ့။အဖိုးလည်းဖြစ်ပေတော့...သူမကြိုက်တာတွေတွေ့ရင် မြေးတွေကိုဆူငေါက်တာပေါ့။ဒါပေမယ့်..ဆူတုန်းခဏပဲ။နောက်တော့လည်း ဟုတ်တာမဟုတ်ဘူး။"ဖူဖူကြီး..ကျောင်းသွားတော့မှာမို့ မုန့်ဖိုး ၂၀လောက်ပေးပါလား" လို့
သွားဖြီးလေးနဲ့ တောင်းလိုက်ပါလား။"ညည်းတို့တွေက ပိုက်ဆံကိုဘယ်လိုရှာရတယ်နားမလည်ဘူး။
ပိုက်ဆံကိုအလကားရတယ်များမှတ်နေလား။ပိုက်ဆံဆိုတာသုံးလို့တော့လွယ်တယ်။
ရှာတာဘယ်လောက်ခက်တယ်ဆိုတာမသိဘူးမှတ်လား။တောင်းဖို့ပဲသိတယ်။ညည်းတို့အမေ
အလုပ်မသွားခင်က တောင်းမထားကြဘူးလား" ဆိုပြီးဘာညာကွိကွ နဲ့ ပါးစပ်ကသာ ပွစိပွစိ နဲ့ ဆူငေါက်နေတာ။လက်က သူ့အကျီင်္အနွမ်းလေးရဲ့ အိပ်ကပ်ထဲက
ပလပ်စတစ်အိပ်လေးနဲ့ ထုပ်ထားတဲ့ ပိုက်ဆံလေးတွေ ထဲက တောင်းသလောက်ကို
ရှာပြီးတော့ ညီအစ်မနှစ်ယောက်ကို ညီတူညီမျှပေးတတ်တယ်။း)
နယ်သူက ဖူဖူကြီးကိုချစ်ပါတယ်။ပြောရမယ်ဆို အဖေဘက်က အဘိုးအဘွားထက်ပိုချစ်ပါတယ်။
ငယ်ငယ်လေးကတည်းက တူတူနေလာတာဆိုတော့ သံယောဇဉ်ပိုရှိတာပေါ့။
နယ်သူ့ ငယ်ဘ၀လေးတွေကို သတိရတဲ့အချိန်တိုင်း ဖူဖူကြီးကရှေ့ဆုံးကပါတတ်ပါတယ်။
ခုထိလည်း သတိရနေတုန်းပါပဲ။ဒါပေမယ့် အမေ့ရှေ့မှာဖူဖူကြီးအကြောင်းပြောမိရင် အမေသိသိသာသာငြိမ်သွားတတ်တာကို နယ်သူသတိထားမိတယ်။း)
သူလည်းချစ်မှာပဲ အဖေကိုး။